ဆေးပညာဆိုင်ရာဆောင်းပါးများ

Monday, August 11, 2014

“ဖေဖေ မတရားဘူး”

အိပ်မက်ကလေးသာ ဖြစ်လိုက်ပါတော့ ဖေဖေရယ် … ။

၁။

ဖေဖေရေ..
ဖေဖေ။

ဖေဖေ သိပါရဲ့လား။ သမီးနဲ့ ဖေဖေကြားမှာ အမှတ်တရတွေဆိုတာ လက်ချိုးရေတွက်လို့ရလောက်အောင်ထိ နည်းပါးခဲ့တယ်ဆိုတာလေ။ ဖေဖေ သတိထားမိခဲ့ပါရဲ့လား။ အဲသည် နည်းပါးတဲ့ အမှတ်တရတွေ တစ်ခုချင်းစီကပဲ အခုတော့ သမီးရင်ထဲမှာ အသွားချွန်ချွန်နဲ့ မြားတွေလို စိုက်ဝင်နေကြပါပြီ။

လွမ်းတယ် ဖေဖေရယ်။ ဖေဖေ့ကို သမီး သိပ်လွမ်းတယ်။ သမီး လွမ်းနေတာတွေကို ဖေဖေ သိနေလား။ သိမှာလား။ သိနိုင်ပါ့မလားဟင်။ ဖေဖေ မသိနိုင်တော့ပါဘူး ဖေဖေရယ်။ ဖေဖေ မသိပါဘူး။ ဟောသည်မှာ သမီးလေ ဖေဖေ့ကို လွမ်းလွန်းလို့ သည်းအူပြတ်မတတ် ငိုနေရတယ်။ ဖေဖေကတော့ ဟိုးအဝေးကြီးမှာ။ ဒါတွေကို မသိနိုင်၊ မမြင်နိုင်တော့မယ့် အရပ်မှာ။ မတရားဘူး ဖေဖေရယ်။


၂။

ဖေဖေ ဖျော်တိုက်တဲ့ အိုဗာတင်းပျစ်ပျစ်တစ်ခွက်လောက် သောက်ချင်တယ် ဖေဖေ။ အခု သမီး နေမကောင်းဘူး။ သမီး နေမကောင်းတဲ့အခါတိုင်း ဖေဖေ ဖျော်တိုက်ခဲ့တတ်တဲ့ အိုဗာတင်းလေးတစ်ခွက်လောက် အခု သောက်ပါရစေ ဖေဖေ။ ဖေဖေ ပြန်လာဖျော်တိုက်ပါဦးလား။

ဟိုတုန်းက သမီးဖျားနေရင် ဖေဖေ ချက်ချင်း မသိခဲ့ဘူးနော်။ သမီး ကျောင်းမသွားနိုင်ဘဲ အိပ်ရာထဲမှာ သုံးလေးရက်လောက် လှဲနေတော့မှ ဖေဖေက သတိထားမိတတ်တာပါ။ “ဟင်.. သမီး.. အိပ်ရာထဲမှာ ခွေနေတာ ကြာပြီ။ နေမကောင်းဘူးလား” လို့ မေးပြီး “မဖြစ်သေးပါဘူး။ ဆေးခန်းသွားရဲ့လား။ သမီး မေမေက ဆေးခန်းပို့တယ်မလား” လို့လည်း ဖေဖေက မေးတတ်သေးတယ်။ ပြီးရင်တော့ သမီး အဖြေကိုတောင် မစောင့်နိုင်ဘဲ မီးဖိုချောင်ဖက်ကို သုတ်သုတ် သုတ်သုတ်နဲ့ ထွက်သွားပြီး အိုဗာတင်း ဖျော်တော့တာပါပဲ။ ဖေဖေ ဖျော်တိုက်တဲ့ အိုဗာတင်းက ချိုပျစ်နေတာမို့ သမီး သိပ်မကြိုက်ခဲ့ဘူး ဖေဖေ။ ဒါပေမယ့် ရှားရှားပါးပါး ဂရုစိုက်တာပါလားဆိုတဲ့ အသိကြောင့် သမီး ပျော်ပျော်ကြီး သောက်ခဲ့တယ်။ သောက်ပြီးသွားရင်လည်း အားတွေ ချက်ချင်း ပြန်ပြည့်သွားသလို ခံစားရတာ ချည်းပါပဲ။

သမီး မှတ်မိတဲ့ ဖေဖေနဲ့ ပတ်သတ်တဲ့ အစောဆုံး အမှတ်တရကို အခုနေ ပြောပြရင် သူများတွေက ကဲ့ရဲ့ကြမယ်ထင်တယ်နော်။ ဖေဖေကတော့ ရယ်နေမလားဘဲ။ အဲဒီတုန်းက သမီးက အလွန်ဆုံးရှိ လေးငါးနှစ်ပေါ့နော်။ ဖေဖေက သမီးကို ဖေဖေ့ရဲ့DT ဆိုင်ကယ်လေးမှာတင်ပြီး ဖေဖေ သောက်နေကျ အရက်ဆိုင်ကို ခေါ်သွားခဲ့တာတွေလေ။ ပြီးတော့ သမီးကို မုန့်တွေ ဝယ်ကျွေးတယ်။ ဖေဖေကတော့ သူငယ်ချင်းတွေနဲ့အတူတူ သောက်တယ်။ တစ်ခါလည်း မဟုတ်ဘူး။ နှစ်ခါလည်း မကပါဘူး။ ခဏခဏ ခေါ်သွားခဲ့ဖူးတာပါ။ ဖေဖေ ဝယ်ကျွေးခဲ့ဖူးတဲ့ မုန့်တွေရဲ့ အရသာကို မမှတ်မိတော့ပေမယ့် ဖေဖေ့ဆိုင်ကယ်ရှေ့မှာ မတ်တပ်ရင်းလိုက်ပါစီးတဲ့အခါတိုင်း လေတဟူးဟူးတိုက်လို့ ဆံပင်တွေ ဖွာလွင့်နေတဲ့ အသိနဲ့ ပျော်ရွှင်မြူးတူးရတဲ့ ခံစားချက်ကိုတော့ မှတ်မိနေပါတယ် ဖေဖေ။

နောက် သမီးကျောင်းစနေတော့ ဖေဖေက ခရီးတစ်ခုခုသွားပြီးပြန်လာတိုင်း ကွန်ပါဗူးအဆန်းအပြားလေးတွေကို ဝယ်လာပေးတတ်တယ်နော်။ တစ်ခါတစ်ခါ ဝယ်လာပေးတိုင်းလည်း သုံးလေးခုလောက်ရှိတယ်။ ဖေဖေ ဝယ်ပေးတဲ့ ကွန်ပါဗူးလေးတွေက သိပ်ပြီး ထူးဆန်းပြီး သိပ်ပြီး လှတာပဲ။ သမီး သိပ်ကို ကြိုက်ခဲ့ရတာ။ ကျောင်းမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကိုင်ခဲ့တာ။ သူငယ်ချင်းတွေက သမီးကို အားကျကြတော့ သမီး သိပ်ပျော်တာပဲ။ ဖေဖေ နောက်ဆုံးအကြိမ် ဝယ်ပေးခဲ့တာက သမီး လေးတန်းနှစ်မှာပါ။

သမီး ငါးတန်းတက်မယ့်နှစ်မှာတော့ ဖေဖေက ဖေဖေစုထားတဲ့ ပိုက်ဆံလေးနဲ့ သမီးကို Citizenက ရွှေရောင်နာရီလေးတစ်လုံး ဝယ်ပေးခဲ့တယ်။ မှတ်မှတ်ရရ ပိုက်ဆံ လေးသောင်းကျော်တောင် ပေးခဲ့ရတာနော်။ ဖေဖေက အဲသည်ပိုက်ဆံကို အိမ်က ပိုက်ဆံထဲက ထုတ်မသုံးဘဲ၊ မေမေ့ကိုလည်း မစိုက်စေဘဲ ဖေဖေ့ကိုယ်ပိုင် ပိုက်ဆံနဲ့ ဝယ်ပေးခဲ့တာ။ အဲသည် နာရီလေးကို သမီး အခုထိ ပတ်ထားသေးတယ်ဆိုတာ ဖေဖေ သတိထားမိဖူးရဲ့လားဟင်။

ဘယ်သွားသွား၊ ဘာလုပ်လုပ် သည်နာရီလေးကို အမြဲပတ်ထားလွန်းလို့ တစ်ချို့တွေက သမီးကို ပြောကြတယ်။ “ဒေါက်တာရယ်.. နာရီလေးက ဟောင်းလွန်းနေပါပြီ။ အသစ်လဲပတ်ပါဦးတဲ့” သမီး ငြိမ်ငြိမ်လေး ပြုံးနေခဲ့တယ် ဖေဖေ။ ပြီးတော့ သမီး ဂိုက်လုပ်ပေးလိုက်လို့ ဆယ်တန်းကို အောဒီနဲ့ အောင်သွားတဲ့ ကောင်မလေးကလည်း သမီးကို နာရီအကောင်းစားတစ်လုံး ကန်တော့ခဲ့ဖူးတယ်။ အဲသည် နာရီလေးကိုလည်း သမီး ထုတ်မပတ်ဘဲ သိမ်းထားခဲ့တယ်။ ဖေဖေ ဝယ်ပေးခဲ့တဲ့ နာရီလေးကို နောက်ထပ်နာရီတစ်လုံးနဲ့ အစားမထိုးနိုင်ခဲ့လို့ပါ ဖေဖေ။ အဲသည်တုန်းက သမီးဘဝထဲမှာ ဖေဖေ ရှိနေပါသေးတယ်။ အခုတော့ …။

သေချာတာ တစ်ခုတော့ ရှိတယ် ဖေဖေ။ သေသည်ထိ သမီး ပတ်သွားမယ့် နာရီလေးဟာ အခု သမီးရဲ့ ဘယ်ဖက်လက်ကောက်ဝတ်ပေါ်က နာရီလေးပဲ ဖြစ်ပြီး အဲသည်နာရီလေး ပျက်စီးသွားတဲ့ တစ်နေ့မှာတော့ နောက်ထပ်နာရီတစ်လုံးကို သမီး ပတ်ဖြစ်မှာ မဟုတ်တော့ပါဘူး ဖေဖေ။

ဖေဖေက အရက်ကို သိပ်ကြိုက်တယ်နော်။ ဖေဖေ မသောက်တဲ့ ညဆိုတာ မရှိသလောက်ပါဘဲ။ ဖေဖေက ဖေဖေကြိုက်တာတွေကို တစ်သက်လုံး လုပ်သွားခဲ့တယ်နော်။ ရှားရှားပါးပါး ဖေဖေ အရက်မသောက်ထားတဲ့ အချိန်တွေမှာတော့ သမီးကို တရားအကြောင်းတွေ ပြောပြခဲ့တယ်။ အဲသည်လို ပြောပြပြီးရင်လည်း “ကဲ.. သမီး သွားသွား။ လုပ်စရာ ရှိတာ လုပ်ချေ။ ဖေဖေ ပြောတာတွေတော့ မှတ်ထား။ ဖေဖေ့လိုတော့ လူဆိုးလူမိုက် မလုပ်နဲ့။ နော် ငါ့သမီး” လို့ ပြောပြီး ရယ်တော့တာပါပဲ။

ဖေဖေက သမီးကို တစ်ဦးတည်းသော သမီးလေးရယ်လို့ ထွေးထွေးပွေ့ပွေ့ ကြင်ကြင်နာနာ မနေခဲ့ဘူး။ သမီးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ဂရုတစိုက် မမေးခဲ့ဖူးဘူး။ သမီး ကျောင်းမှာ အဆင့်ဘယ်လောက်ရလဲ ဆိုတာမျိုး မေးဖူးလို့ဆိုတာ ဝေးလို့ တစ်ခါတစ်လေများဆို “သမီးရေ.. သမီးက အခု ဘယ်နှတန်း” လို့တောင် မေးတတ်သေးတယ်။ အဲသည်အခါတွေဆို သမီးမှာ ဖေဖေ့ကို စိတ်ဆိုးလိုက်ရတာ။ ကိုယ့်သမီး ဘယ်အတန်းရောက်လို့ ရောက်မှန်းတောင် မသိရကောင်းလားဆိုပြီးတော့လေ။ ဖေဖေကတော့ သမီး စိတ်ဆိုးနေတာလည်း မသိခဲ့ပါဘူးလေ။ ဖေဖေ မသိခဲ့ပါဘူး။

ဒါပေမယ့် သမီးနဲ့ ပတ်သတ်ပြီး ဖေဖေက သိပ်ကို ဂုဏ်ယူတတ်ခဲ့တာကိုတော့ ဆယ်တန်းအောင်စာရင်းထွက်တဲ့ နေ့မှာ သမီးသိလိုက်ရပါတယ်။ ဆယ်တန်းစာမေးပွဲကို ငါးဘာသာဂုဏ်ထူး၊ အမှတ်ပေါင်း ၅၂၈နဲ့ အောင်တယ်ဆိုတော့ ဖေဖေ သိပ်ပြီး ပျော်နေခဲ့တယ်။ သိပ်ပြီးလည်း ဂုဏ်ယူခဲ့တယ်။ အဲသည်နေ့က ဖေဖေ ထိုင်ရမလို၊ ထရမလိုနဲ့ နေရာမရ ဖြစ်နေခဲ့တယ်။ ဖေဖေ့မျက်နှာဟာလည်း ရယ်မောရွှင်ပြလို့။ အိမ်ကို လာသမျှ လူတွေကို ကြွားရတာ အားမရလို့ ဆိုင်ကယ်တစ်စင်းနဲ့ မြို့ပတ်ပြီးတော့လည်း ကြွားခဲ့တယ်။ ဂုဏ်ပြုပွဲကိုလည်း အကြီးအကျယ် လုပ်ပေးခဲ့တယ်။ တကယ့်ကို ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ်ပါပဲ။ ညဖက်လည်း ရောက်ရော သမီးအတွက် အောင်ပွဲခံတာဆိုပြီး ဖေဖေနဲ့ အပေါင်းအသင်းတစ်စု အကြီးအကျယ် သောက်စားကြတယ်။ ဖေဖေတို့ သိပ်သောင်းကျန်းလို့ဆိုပြီး မေမေက ဖေဖေ့ကို ဒေါသတွေ သိပ်ထွက်နေခဲ့တယ်။ သန်းခေါင်လည်း ရောက်ရော ဖေဖေနဲ့ မေမေ ရန်ဖြစ်တာပဲ။ သမီးမှာ ငိုလိုက်ရတာ ဖေဖေရယ်။

ပြောရမယ်ဆိုရင် ဖေဖေက ဘဝမှာ ဖေဖေကြိုက်တာတွေချည်း လုပ်ပြီးနေထိုင်သူနော်။ ဖေဖေ လုပ်ချင်တာ မှန်သမျှ ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ လုပ်ခဲ့တာ ချည်းပါပဲ။ ပြီးတော့ ဖေဖေကြိုက်တဲ့ အရာတွေကို အမြဲတမ်း ထိပ်ဆုံးကနေ ဦးစားပေးထားခဲ့တာပဲ။ သမီးတို့ မနှစ်သက်တဲ့၊ ဖေဖေ သိပ်ကြိုက်တဲ့ အရက်ကို ဖေဖေ မစွန့်လွှတ်ဘူး။ အမြဲတမ်း သောက်တယ်။ ဖေဖေက ဟိုတုန်းက ပိန်ပိန်ချောချောလေး။ အရပ်ကမြင့်မြင့်၊ ကိုယ်လုံးကိုယ်ထည်က သွယ်သွယ်ကျစ်ကျစ်နဲ့ သိပ်ပြီး ကြည့်လို့ကောင်းတာ။ နောက်တော့ ဖေဖေကြိုက်တဲ့ အရာတွေက ဖေဖေ့ကို ပြောင်းလဲပစ်တယ်။ ဖေဖေ့ မျက်နှာက ဖောယောင်လာတယ်။ အသားအရေတွေ မည်းညစ်ညစ်ဖြစ်လာတယ်။ ကိုယ်လုံးကိုယ်ထည်ကလည်း ဝဖိုင့်ဖိုင့် ဖြစ်လာတယ်။ ဖေဖေ့ကို မြင်ရတာ လတ်လတ်ဆတ်ဆတ် မရှိတော့ဘူး။ ဖေဖေက အရမ်းဆိုးတယ်နော်။ နံနက်ခင်းမှာ အရက်နဲ့ မျက်နှာသစ်ပြီး ညဖက်မှာ အရက်နဲ့အတူတူ အိပ်ရာဝင်တယ်။ ဖေဖေ့စိတ်တိုင်းကျ နေထိုင်သွားတဲ့ ဘဝကြီးမှာ ဖေဖေ တကယ် ပျော်ခဲ့မှာပါနော်။ ပျော်ခဲ့တယ် မဟုတ်လား ဖေဖေ။ ဖေဖေ အမှန်တကယ် ပျော်ခဲ့ပါစေ ဖေဖေရယ်။

ဖေဖေနဲ့ ပတ်သတ်ပြီး သမီး မှတ်မိတာတွေ ရှိသေးတယ်။ သမီး ဆေးကျောင်းတက်တော့ သမီးကိုယ်တိုင် ဆိုင်ကယ်မောင်းတယ်။ ဖေဖေက မန္တလေးမှာ သမီးနဲ့အတူတူ တစ်ပတ်လောက်နေပြီး ကျောင်းနဲ့ကျူရှင် သွားတဲ့ လမ်းတွေကို သေသေချာချာ မောင်းတတ်အောင် သင်ပေးခဲ့တယ်။ စိတ်ချရပြီဆိုတော့မှ ဖေဖေက ပြန်သွားခဲ့တယ်။ ပြီးတော့ သမီးအသက် ၁၈နှစ် မပြည့်သေးဘဲနဲ့ ဆိုင်ကယ်လိုင်စင်ရအောင်လည်း ဖေဖေက လုပ်ပေးခဲ့တယ်။ ယဉ်ထိန်းရဲနဲ့ စကားပြောနေရမှာစိုးလို့တဲ့။ ဖေဖေ လုပ်ပေးခဲ့တဲ့ အရာလေးတွေ အားလုံးကို သမီးက အဲသည်လိုမျိုး တိတိကျကျ မှတ်မိနေပါတယ် ဖေဖေရယ်။ လက်ချိုးရေတွက်လို့ရအောင် နည်းပါးခဲ့တဲ့ အရည်အတွက်ကြောင့် မဟုတ်ပါဘူး။ “ငါ့ကို ယုယုယယ၊ ထွေးထွေးပွေ့ပွေ့ မနေခဲ့ဖူးတဲ့ ဖေဖေက ငါ့ကို သူ့စိတ်ထဲမှာ တော်တော်ရှိလို့ ဒါတွေ လုပ်ပေးတာဆိုပြီး” ဖေဖေ လုပ်ပေးခဲ့သမျှ သေးသေးမွှားမွှားလေးတွေကအစ သမီးက တန်ဖိုးထားခဲ့မိတာပါ။

ဒါပေမယ့် အဲသည်အရာတွေကို သမီး တန်းဖိုးထားမှန်း ဖေဖေ မသိခဲ့ဘူး။ ဖေဖေ သိမသွားရဘူး။ ဖေဖေ သိသွားအောင်လည်း သမီးက မပြခဲ့၊ မပြောခဲ့ဘူး။ ဖေဖေ သိသွားခဲ့ရသမျှက သမီးက ဖေဖေ အရက်သောက်တာကို မကြိုက်ဘူး၊ သမီးက ဖေဖေ့ကို လူဆိုးတစ်ယောက်လို့ ထင်နေတယ်၊ သမီးက ဖေဖေ့ကို လိမ္မာစေချင်တယ် ဆိုတာတွေပါပဲ။ “သမီးက ဖေဖေ့ကို လူဆိုးလို့ ပြောတာလား” လို့ ဖေဖေ မေးဖူးခဲ့တာကိုလည်း သမီး အမှတ်ရပါတယ်။ “ဖေဖေက လိမ္မာနေလို့လား” ဆိုပြီး သမီး ပြန်မေးတော့ ဖေဖေ့ မျက်နှာညိုသွားပြီး “အေးပါ သမီးရယ်.. အေးပါ” လို့ တိုးတိတ်တိတ် ပြန်ဖြေခဲ့ဖူးတာကိုလည်း မနေ့တနေ့ကလို ထင်နေမိဆဲပါပဲ။

၃။

“လူနာတွေထဲမှာ ဖေဖေက အဆိုးဆုံးပဲ။ မလုပ်ပါနဲ့ ပြောတာတွေလည်း အကုန် လုပ်တယ်။ သမီး စကားဆိုပြီး နားမထောင်ချင်ရင်တောင် ဆရာဝန်တစ်ယောက်က လူနာတစ်ယောက်ကို ပြောတဲ့ စကားအဖြစ် ဖေဖေ နားထောင်မှာပေါ့။ သွေးပေါင်ချိန်တွေက တက်နေလိုက်တာ ၂၀၀နားကပ်နေပြီ။ နေကလည်း ဒီလောက်ပူနေတာကို အဲအရည်တွေ သောက်နေတုန်း။ သမီး စိတ်ညစ်တယ် ဖေဖေ။ ဖေဖေ့ကို စိတ်လည်း ပျက်တယ်။ ဖေဖေက ကိုယ့်ကိုယ်ကို နှိပ်စက်ရုံတင်မဟုတ်ဘူး သမီးနဲ့ မေမေကိုပါ အနုနည်းနဲ့ သတ်နေတာ”

ကရုဏာ ဒေါသနဲ့ တစ်ခါမက သမီး ပြောခဲ့မိတဲ့ စကားတွေကို ပြန်စဉ်းစားမိတိုင်းလည်း ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်အောင်ပါပဲ ဖေဖေရယ်။ သမီးကလေ ဖေဖေ့ကို ကောင်းစေချင်လွန်းလို့၊ ဖေဖေ့ကို အသက်ရှည်စေချင်လွန်းလို့၊ ဖေဖေနဲ့မေမေ့ကို အဆင်ပြေစေချင်လွန်းလို့ ပြောမိတာပါ။ သမီးအဲသည်လို ပြောလိုက်မိတဲ့အခါတိုင်းလည်း ဖေဖေက မျက်နှာလေး ငယ်သွားပြီး “အေးပါ သမီးရယ်၊ အေးပါ” ဆိုတာထက် ပိုမပြောခဲ့ပါဘူး။ ပြီးရင်တော့ သမီးဆီမှာ သွေးပေါင်လာမချိန်ဘဲ တစ်ယောက်တည်း ငြိမ်ကုပ်နေပြန်ရော။ တစ်ရက်လောက် ဖေဖေ သွေးပေါင်လာမချိန်ရင်တော့ သမီးကပဲ ဖေဖေ့ဆီ၊ တိတိကျကျ ပြောရရင် ဖေဖေ အရက်သောက်လေ့ရှိတဲ့ အနောက်တိုက်ထဲကို လာပြီး ဇွတ်အတင်း သွေးပေါင်ချိန်၊ ဇွတ်အတင်းဆေးတိုက် လုပ်ရတော့တာပါပဲ။ မေမေဆို ဖေဖေ့ဒဏ် မခံနိုင်တော့လွန်းလို့ သမီး ဆေးခန်းဖွင့်ထားတဲ့ အရှေ့ဖက်တိုက်မှာပဲ နေတာမလား။ တိုက်နှစ်လုံးက ခြံဝန်းတစ်ခုထဲမှာ ဆောက်ထားပေမယ့် ဖေဖေ့မှာ မေမေ အိမ်ခွဲနေလိုက်တာကိုပဲ အကြီးအကျယ် ခံစားအသည်းကွဲပြီး အဲသည် အရက်တွေကို ဖိသောက်ပစ်လိုက်သေးတာ။

“အဲဒီအရက်တွေ ဖေဖေ တအားသောက်နေသရွေ့ မေမေက ဖေဖေ့ဆီ ပြန်လာမှာ မဟုတ်ဘူး။ ဖေဖေ တစ်ယောက်တည်း သည်ဖက်မှာ နေရမှာပဲ။ လိမ်လိမ်မာမာနေပါ ဖေဖေရယ်။ မေမေ့ကို ချစ်တယ် မလား၊ မေမေ့ကို ဖေဖေ့ဆီ ပြန်လာစေချင်တယ် မလား။ ဒါဆို ဖေဖေ လိမ္မာမှပေါ့။ ဖေဖေ အခုလိုကြီး ဆိုးနေမယ်ဆိုရင်တော့ မေမေက အရှေ့ဖက်တိုက်မှာပဲ တစ်သက်လုံး နေမှာတဲ့။”

သမီး ပြောတဲ့ စကားတွေကို မျက်လုံးကြီး လှန်ပြီး နားထောင်နေတဲ့ ဖေဖေ့ ခေါင်းကတော့ အရက်ရှိန်ကြောင့် မထောင်မတ်နိုင်တော့ပဲ ဇက်ကြီးကျိုးကျလို့ပေါ့။ သမီး ခါးသီး စက်ဆုပ်ခဲ့တဲ့ မြင်ကွင်းတွေပေါ့ ဖေဖေရယ်။ အခုတော့ အဲသည်မြင်ကွင်းတွေကိုပဲ ပြန်မြင်ယောင်ရင်း မျက်ရည်တွေ ကျနေရတော့တယ်။ ဖေဖေ့ကိုသာ ပြန်မြင်ခွင့်ရမယ်ဆိုရင်လေ ဘယ်လိုမြင်ကွင်းမျိုးကိုပဲဖြစ်ဖြစ် မြင်ချင်နေမိတာပါ ဖေဖေရယ်။

တစ်ညနေကြီးမှာတော့ ဖေဖေက သမီး ဟန်းဖုန်းကို လှမ်းခေါ်တယ်။ အဲသည်အချိန် သမီးက လူနာကြည့်နေတာမို့ ချက်ချင်း မကိုင်မိဘူး။ ဖေဖေက ဆက်တိုက်ကို ခေါ်တယ်။ ဟိုဖက်သည်ဖက် အော်ခေါ်လိုက်ရင်တောင် ကြားနိုင်တာကို ဖုန်းဆက်တိုက် ခေါ်လာတော့ သမီး ရင်ထဲမှာ ထိတ်ကနဲ ဖြစ်သွားပြီး ဖုန်းကို အမြန် ကောက်ကိုင်လိုက်ရတယ်။

“သမီး.. ခဏ.. ဒီဖက်ကို လာခဲ့.. ဖေဖေ ”

ဖေဖေ့ အသံက မနည်းအားယူပြီး ပြောနေရတဲ့ အသံမျိုး။ လူနာကိုတောင် ဆေးမပေးနိုင်တော့ဘဲ သမီး ဖေဖေ့ဆီကို ပြေးထွက်လာခဲ့မိတယ်။ ဖေဖေက ကုတင်ဘေးမှာ လဲကျနေတယ်။ ခေါင်းပေါ်ကနေ စီးကျနေတဲ့ သွေးတွေကလည်း မြင်မကောင်းပါဘဲ။ ဖေဖေ့သွေးတွေက ကြမ်းပြင်ပေါ်ထိ စီးကျနေပြီ။

“ဖေဖေရယ်.. ဘယ်လိုဖြစ်တာလဲ ဖေဖေရယ်”

ဖေဖေ့ကို အမြန်ဆုံး ထူမတ်ပေးရင်း သမီးမှာ ဆေးခန်းဖက်ကို ပြေးပြီး ဆေးတွေ ပတ်တီးတွေ အမြန်ပြန်ယူရတယ်။ ဖေဖေ့ကို စိတ်ဆိုးနေတဲ့ မေမေက သမီးနောက်ကနေ အပြေးအလွှား မလိုက်လာခဲ့ပေမယ့် အမေကြီးကတော့ သမီးနောက်ကနေ စိတ်ပူပန်စွာ လိုက်လာခဲ့ပါတယ်။

အမေကြီးကိုတွေ့တော့ ဖေဖေက “မေမေ” လို့ တိုးတိုးလေး ခေါ်လိုက်တယ်။ ပြီးတော့ ဘာမှဆက်မပြောတော့ဘဲ သမီး လုပ်ပေးသမျှကို ငြိမ်ပြီး ခံနေတာပါပဲ။

ဖေဖေ့ခေါင်းဒဏ်ရာက သမီး ထင်ထားတာထက် များတယ်။ တော်တော်ကြီးကို များတယ်။ သမီး ဖေဖေ့ခေါင်းကို ရှစ်ချက်တောင် ချုပ်ပေးလိုက်ရတယ်နော်။ နောက် ဖေဖေ့မျက်ခုံးကိုလည်း လေးချက်ချုပ်ရတယ်။ ဘယ်လိုဖြစ်ပြီးတော့ သည်လောက်တောင် ထိခိုက်ရအောင် ရရတာလဲ ဖေဖေရယ်။ အမေကြီးက အိပ်ခန်းထဲကတိုင်ကို သေသေချာချာ ကြည့်နေတယ်။ နောက် ကုတင်ခြေရင်းက စားပွဲပေါ်ကိုလည်း ကြည့်နေတယ်။ ဖေဖေ့ဒဏ်ရာတွေကို ချုပ်ပေးပြီးတော့ ဖေဖေကို မိုင်လိုနဲ့ ဆေးတိုက်ရတယ်။ ပြီးတော့ ဖေဖေ အိပ်ပျော်သွားတဲ့အထိ သမီးတို့ စောင့်နေခဲ့ကြတယ်။ ဖေဖေ့ကို သမီးတို့ ဘာမှ မမေးမိကြသလို ဖေဖေကလည်း တစ်ခုခုကို ပြောဖို့တောင် အားရှိဟန် မတူပါဘူး။

ဖေဖေ အိပ်သွားတော့ အရှေ့ဖက်ကို ပြန်လာကြတယ်။ “သမီးဖေဖေက မူးပြီး လဲတာမှာ တိုင်နဲ့ခေါင်းနဲ့ ဆောင့်မိသလား မပြောတတ်ဘူး။ တိုင်မှာလည်း သွေးတွေ တွေ့တယ်။ အရှိန်နဲ့ ဆောင့်မိတာတော့ သေချာတယ်။ ဘာလို့တုန်းဆိုတော့ ခြေရင်းက စားပွဲစွန်းမှာပါ သွေးစက်တွေ ပေနေတာ တွေ့တယ်။ ” အမေကြီးက သမီးကို တိုင်တည်ပြီး ဖေဖေ့ဒဏ်ရာတွေအကြောင်း မေမေ့ကို ရှင်းပြနေခဲ့တယ်။

“မူးပြီးတော့ပဲ ဆောင့်ဆောင့်၊ တမင်ပဲ ဆောင့်ဆောင့် သမီးကတော့ သွားမကြည့်နိုင်ဘူး မေမေ”

မေမေ့ အသံက ပြတ်ပြတ်သားသား။ အမေကြီးက မေမေ့ကို သူ့သမီးဆိုတော့ ဘာမှ မပြောပါဘူး။ ဘာမှလည်း မတိုက်တွန်းဘူး။ သမီးကတော့လေ ဖေဖေ မေမေ့ကို သိပ်တွေ့ချင်နေမယ်ဆိုတာ သိနေတယ်။ မေမေ့ကိုလည်း ခဏလေးပဲဖြစ်ဖြစ် ဖေဖေ့ကို သွားကြည့်ရင် ကောင်းမှာပဲလို့။

“မေမေရယ်.. ဖေဖေက အခု ဒဏ်ရာကြီးနဲ့ပါ။ သူ့ ဒဏ်ရာလည်း မသေးပါဘူး။ မေမေ သွားတွေ့လိုက်ပါ”

“မတွေ့တော့ဘူး သမီး။ ဒါ သူ သက်သက် မာယာများတာ။ အရင်ကတည်းက အဲသည်လိုပဲ။ သူနဲ့ စကားမပြောဘူး၊ မခေါ်ဘူးဆိုရင် သူ့ကိုသူ တစ်ခုခုဖြစ်အောင်လုပ်ပြီး ပြန်ခေါ်ပြောလာအောင် လုပ်တယ်။ အခုလည်း သူ ဒဏ်ရာရရင် မေမေက ပြန်စကားပြောမှာပဲ ဆိုပြီး လုပ်တယ်။ မေမေ မပြောချင်ဘူး။ မေမေ သူ့ကို စိတ်ကုန်တယ်”

“မေမေရယ်.. ဒီတစ်ခါတော့ ဖေဖေ့ကို ခွင့်လွှတ်လိုက်ပါ”

“သမီး.. သူ့ကို မေမေခွင့်လွှတ်ခဲ့တာ သမီးတစ်သက်ပါပဲ။ မေမေ့ကို ဘာမှ မတိုက်တွန်းပါနဲ့။ သမီးဖေဖေကိုတော့ ပြောလိုက်။ အဲသည်အရည်ကို အပြတ်ပြတ်သွားပြီဆိုတဲ့နေ့မှာမှ မေမေနဲ့ မျက်နှာချင်းဆိုင်ခွင့်ရမယ်လို့

မေမေက ပြောပြီးပြီးချင်း သူ့အခန်းထဲ သူ ဝင်သွားတယ်။ သမီးတစ်ယောက်တည်း ရှိုက်ငိုမိတယ်။ အမေကြီးကတော့ သက်ပြင်းကြီးချပြီး ထထွက်သွားတယ်။ သမီး ဖေဖေ အိပ်နေတဲ့ အနားလေး ပြန်လာပြီး ဖေဖေ နိုးလာတာကို စောင့်နေခဲ့ပါတယ်။ နိုးလာလာချင်း ဖေဖေ မေးတဲ့ မေးခွန်းက သမီးကို သိပ်ပြီး ကြေကွဲစေတယ် ဖေဖေရယ်။

“သမီး.. မေမေကော။ သမီးမေမေက ဖေဖေ့ကို လာမကြည့်ဘူးလား”

“မလာဘူးဖေဖေ”

“သြော်.. သမီးမေမေက ဖေဖေ သည်လောက်ဖြစ်နေတာတောင်မှ မလာဘူးတဲ့လား”

ဖေဖေ့ စကားကြောင့် သမီး ဖေဖေ့ရှေ့မှာတင် ငိုမိတယ်။

“မေမေက လာနေပါ့မလား။ ဖေဖေက သူမကြိုက်တာတွေချည်း လုပ်တာကို။ ဖေဖေ ဆေးရုံတက်ပြီး အမြန်ဆုံး အရက်ဖြတ်။ အဲဒီကျတော့မှ မေမေက ဖေဖေနဲ့ စကားပြောတော့မှာ။ အခုတော့ ဖေဖေ ဘာဖြစ်ဖြစ် မေမေ လာမှာ မဟုတ်ဘူး။ သမီးလည်း အရမ်းစိတ်ဆင်းရဲတယ် ဖေဖေရဲ့”

သမီး အားပါးတရ ရှိုက်ငိုမိတော့ ဖေဖေကလည်း မျက်ရည်တွေ စီးကျနေတယ်။ ဖေဖေ့ အခန်းမှောင်မှောင်လေးထဲမှာ သမီးတို့ သားအဖနှစ်ယောက် စကားမပြောကြဘဲ အတွေးကိုယ်စီနဲ့ ငြိမ်နေခဲ့ကြတာ အကြာကြီးပဲနော်။ ဖေဖေ ဘာတွေ တွေးနေမလဲ သမီး သေသေချာချာ မသိခဲ့ပေမယ့် သမီးကတော့ ဖေဖေနဲ့မေမေ အဆင်ပြေလာမယ့် နေ့ရက်လေးတွေအကြောင်းကို မှန်းဆတွေးနေခဲ့မိတာပါ။

သုံးလေးရက် ရှိနေတာတောင် ဖေဖေ့ဒဏ်ရာတွေက ကျက်သင့်သလောက် မကျက်ခဲ့ဘူး။ ပြီးတော့ ဖေဖေကလည်း နေ့တိုင်းကို သောက်နေတော့တာ။ ဒဏ်ရာကြီး သည်လောက်ဖြစ်နေတာတောင် အရက်တွေက သောက်နေမှတော့ သည်ဒဏ်ရာလား ကျက်မှာဆိုပြီး အဲသည်နေ့ ညနေက သမီး ဖေဖေ့ကို တော်တော်လေး ပြောမိလိုက်တယ်။ သမီးက ဖေဖေ့ကို ဝေဒနာကနေ အမြန်ဆုံး သက်သာပျောက်ကင်းစေချင်တဲ့ စေတနာနဲ့ပါ။ ဖေဖေက သမီး ပြောနေသမျှကို ဘာတစ်ခွန်းမှ ပြန်မပြောဘဲ၊ အခါတိုင်းလိုလည်း အင်း မလုပ်ဘဲ ငြိမ်ပြီး နားထောင်နေခဲ့တာနော်။ သမီးလေ ဖေဖေ့ကို အခါတိုင်းလို ဆေးကိုယ်တိုင်မတိုက်ဘဲ ဆေးတွေကို စားပွဲပေါ်တင် ချပေးခဲ့မိတယ်။ တကယ်လို့ ဖေဖေ့ကို ကိုယ်တိုင်ကိုယ်ကျ ဆေးတိုက်ခွင့်ဟာ အဲသည်ညနေက နောက်ဆုံးအကြိမ်ပါပဲဆိုတာသာ သမီး သိခဲ့ရင်လေ ဖေဖေ့ကို တစ်ယောက်တည်း မထားခဲ့ပါဘူး ဖေဖေရယ်။

အဲသည်ညကိုးနာရီလောက်ရောက်တော့ အနောက်တိုက်ရှေ့မှာ ဆိုင်ကယ်၂စီး ထိုးရပ်လိုက်တာကို သမီး လှမ်းမြင်နေရတယ်။ ဖေဖေ့ ဘော်ဒါတွေလေ။ သောက်ကြဖို့ လာပြီပေါ့။ သူတို့တွေ အိမ်ထဲဝင်သွားပြီး ၂မိနစ် ၃မိနစ်လည်း ရှိရော အူလျားဖားလျားနဲ့ အရှေ့ဖက်ကို ပြေးထွက်လာကြတော့တာပဲ။

“အန်တီရေ.. ဖိုးထူးသေပြီ”

“အငယ်မရေ.. နင့်ယောက်ျား သေပြီဟ။ ခေါ်မရတော့ဘူး”

အဲသည် စကားသံတွေလည်း ကြားရော သမီးလေ ဖိနပ်တောင် မစီးနိုင်ဘဲ ဖေဖေ့ဆီကို ပြေးလာခဲ့မိတော့တယ်။ ဖေဖေ့ ခန္ဓာကိုယ်မှာ အနွေးဓါတ်က ပြယ်စပြုပြီ။ ဖေဖေ အသက်မရှုတော့ဘူးဆိုတာ သိသိလျက်နဲ့တောင် သမီးလေ ဆေးခန်းဖက် ကိုပြေး နောက် အသက်ကယ်ဆေးယူပြီး ဖေဖေ့ကို အသက်ကယ်ဆေးတွေ ထိုးပေးနေခဲ့မိတယ်။

သမီးလေ ငိုဖို့တောင် သတိမရဘူး။ ဖေဖေ့နှလုံးခုန်သံကို အကြိမ်ကြိမ်တိုင်း၊ ဖေဖေ့ကို အတင်းကိုင်လှုပ်ပြီး အသက်ကယ်ဆေးတွေ တစ်လုံးပြီး တစ်လုံး ထိုးပေးဖို့ပဲ လုပ်မိတယ်။ ပညာသိကြောင့် ဖေဖေ ဆုံးနေပါပြီ၊ တိတိကျကျ ပြောရရင် ဖေဖေဆုံးသွားတာ အနည်းဆုံးတော့ တစ်နာရီလောက် ရှိနေပြီဆိုတာကို သိနေလျက်နဲ့ သမီး လက်မခံနိုင်ဘူး ဖေဖေ။ သမီးကို အမေကြီးနဲ့ မေမေက အတင်းဆွဲထားကြတယ်။ သိပ်မကြာပါဘူး။ ရဲတွေနဲ့ မှုခင်းစစ် ဆရာဝန်ကြီး ရောက်လာပြီး သူတို့က ဖေဖေ သေဆုံးသွားပြီဖြစ်တဲ့အကြောင်း အတည်ပြုကြတယ်။ သမီး ဘဝမှာ အရင်လတ်လတ် ငရဲကျရတဲ့ အချိန်တွေပါပဲ ဖေဖေ။

အဲသည်တုန်းက သမီးလေ အရုပ်ကြိုးပျက် လဲကျမသွားခဲ့ပေမယ့် ဖေဖေ့ကို ဖက်ပြီး သည်းခြေပျက်မတတ် ငိုနေခဲ့မိတာပါ။ ဖေဖေများ နိုးလာမလားလို့ သမီး ဖေဖေ့ မျက်နှာကို တစိမ့်စိမ့် ကြည့်နေမိတယ်။ ဖေဖေ့နှလုံးခုန်သံကို ခဏခဏ တိုင်းကြည့်နေမိတယ်။ သမီးကို ရူးတယ်ပြောလည်း ပြောကြပါစေ ဖေဖေရယ်။

၎။

မိသားစုအပေါ်မှာ ဆိုးပေမယ့် အပေါင်းအသင်းတွေပေါ်မှာ သဘောထားကောင်းပြီး ရက်ရောတဲ့ ဖေဖေ့ရဲ့ ဈာပနာမှာ လူတွေ သိပ်ကို စည်ကားခဲ့တယ် ဖေဖေ။ ဖေဖေ့အလောင်းမြေကျတဲ့အထိ စောင့်ပေးခဲ့ကြတဲ့သူတွေ အများကြီးပါပဲ။ ဖေဖေ့နောက်ဆုံးအချိန်ထိ ဖေဖေ့ကို ချစ်ခင်သူတွေ အများကြီးက ဝိုင်းရံနေခဲ့ကြတာပါ။ အဲတာတွေကို ဖေဖေ သိသွားရဲ့လား။ ပြီးတော့ ဖေဖေ့အတွက် မေမေ ငိုတယ် ဖေဖေ။ မေမေ ငိုလိုက်တာများ ငိုနေရင်း အသက်ပါသွားမလားလို့ စိတ်ပူစရာ ကောင်းတဲ့အထိပါပဲ ဖေဖေ။ မေမေက ဖေဖေ့ကိုလည်း စကားတွေ အများကြီး ပြောပါတယ်။ ဖေဖေ့ကိုလည်း မေမေက ခွင့်လွှတ်ခဲ့ပါတယ်။ ဖေဖေ့ရဲ့ နောက်ဆုံးအချိန်မှာ အနားလေးမှာ ရှိမနေခဲ့တဲ့ သူ့ကိုလည်း ခွင့်လွှတ်ဖို့ မေမေက တောင်းပန်နေခဲ့ပါတယ်။ အဲတာတွေကိုရော ဖေဖေ သိနေမှာလားဟင်။

ဖေဖေ့ကို ဂူသွင်းပြီးကြတော့ ဖေဖေဟာ လူ့လောကထဲမှာ တကယ် မရှိတော့ဘူး၊ ဖေဖေ့ကို ဒီတစ်သက် အသက်ရှင်လျက်နဲ့ ဘယ်တော့မှ မတွေ့ရတော့ဘူးဆိုတဲ့ အသိတွေက သမီးရင်ထဲမှာ သွေးစိမ်းရှင်ရှင် ကျစေပါတယ် ဖေဖေ။ ဖေဖေ့အုတ်ဂူဖြူဖြူလေးကို ဖေဖေအမှတ်နဲ့ သမီး ထွေးဖက်မိသေးတယ်။ အဲသည်နောက် သမီး ဖြေမဆည်အောင် ငိုမိတယ်။ အဲသည်နောက်တော့ သမီး ဘာကိုမှ မသိတော့ပါဘူး ဖေဖေရယ်။

အခုတော့ သမီးဘဝထဲကနေ ဖေဖေထွက်သွားခဲ့တာ တစ်လပြည့်သွားခဲ့ပြီနော်။ ဖေဖေ့ဓါတ်ပုံလေးရှေ့မှာ ပန်းရေဆီမီးတွေလည်း ဝေနေပါတယ်။ သမီးတို့ အိမ်ထဲမှာလည်း တရားဓမ္မသံတွေ ဝေနေပါတယ် ဖေဖေ။ ဒါပေမယ့် ဖေဖေရယ်.. ဘယ်လိုဖြေဖြေ မပြေနိုင်ပါဘူး။ အလွမ်းတွေအတွက်လည်း ဖြေစရာ မရှိပါဘူး ဖေဖေရယ်။

အခုတော့ သမီးကို သမီးရေ.. သမီးရေ..လို့ ခေါ်မယ့်ဖေဖေ မရှိတော့ပါဘူး။ သမီးကို စိတ်ဆင်းရဲအောင် အရက်တွေ ပေသောက်နေဦးမယ့် ဖေဖေ မရှိတော့ဘူး။ ဖေဖေ့ ကျန်းမာရေးကို ထိခိုက်မယ့် အရာတွေ လျော့လုပ်ဖို့ သမီး ခဏခဏ ပြောခဲ့တယ်။ ဖေဖေကလည်း တစ်ခါမှ နားမထောင်ခဲ့ဘူး။ လိမ်လိမ်မာမာနေပါ ဖေဖေရယ်လို့ အကြိမ်ကြိမ် ပြောခဲ့ဖူးပေမယ့်လည်း ဖေဖေက သမီးစကားကို နားမထောင်သွားခဲ့ပါဘူး ဖေဖေရယ်။

ဖေဖေရေ.. သမီးကို စိတ်ညစ်အောင် လုပ်လှည့်ပါဦး ဖေဖေ။ ဖေဖေ ကြိုက်တဲ့ အဲသည် အရာတွေကို လာလုပ်လှည့်ပါဦးလားဟင်။ အခု ဖေဖေ့ကို လွမ်းလွန်းလို့ သမီး ငိုနေတာ ထိန်းမရတော့ပါဘူး ဖေဖေရယ်။ ဖေဖေ့ကို သမီး သိပ်လွမ်းတယ်။ အဲတာတွေကိုလည်း ဖေဖေက မသိတော့ပါဘူး။ ဖေဖေ မသိနိုင်တော့ပါဘူး။ မတရားဘူး ဖေဖေရယ်။ ဖေဖေ ကြိုက်တာတွေချည်း လုပ်သွားပြီး သမီးကို ထားရစ်ခဲ့တာ တကယ်ကို ဖေဖေ မတရားဘူး။

၅။

ဖေဖေရယ်… ဒါတွေအားလုံးဟာ အိပ်မက်ကလေးသာ ဖြစ်လိုက်ပါတော့။ အိပ်မက်လေးသာ ဖြစ်လိုက်ပါတော့ ဖေဖေရယ်.. ။ ။

လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်

No comments:

Post a Comment